ဆရာတော်အရှင်ဝေဠုရိယ
(သာသနဓဇဓမ္မာစရိယ၊ မဟာစည်ဓမ္မကထိက၊ B.A)
၏
၏
ထေရုပတ္တိအကျဉ်းချုပ်
၁။ အရှင်ဝေဠုရိယလောင်းလျာကို စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ဒီပဲယင်းမြို့နယ်၊ ပိတ်ချင်းတောရွာ
ဦးချမ်းပို+ဒေါ်မြကြင်တို့မှ ၁၉၇၄-ခုနှစ် ဖေဖော်ဝါရီလ(၆)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ပါသည်။
ဦးချမ်းပို+ဒေါ်မြကြင်တို့မှ ၁၉၇၄-ခုနှစ် ဖေဖော်ဝါရီလ(၆)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ပါသည်။
၂။ ၁၈၈၇-ခုနှစ် အသက်(၁၂)နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိပါသည်။
၃။ ၁၉၉၅-ခုနှစ် အသက်(၂၀)အရွယ်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ပါသည်။
၎။ ၁၉၉၅-ခုနှစ်တွင် အစိုးရပထမကြီးတန်း၊ ၂၀၀၀-ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရ
ဓမ္မာစရိယစာမေးပွဲကို အောင်မြင်၍`သာသနဓဇဓမ္မာစရိယ´ဘွဲ့၊ ၂၀၀၀-ပြည့်နှစ်တွင်
အစိုးရနိကာယ်`၀ိနယ၀ိဒူ´ဘွဲ့၊ ၁၉၉၈-ခုနှစ်တွင် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက်
`ဂဏ၀ါစကပရိယတ္တိဓမ္မာစရိယ´ဘွဲ့၊ ၁၉၉၉-ခုနှစ်တွင် `သာသနင်္ကုရဓမ္မာစရိယ´
ဘွဲ့၊ ၂၀၀၅-ခုနှစ်တွင် ရန်ကုန်မြို့၊တာမွေမြို့နယ်၊ နတ်ချောင်း၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာ
ပြုကျောင်းတော်ကြီးမှ`ဗုဒ္ဓဓမ္မဒီပလိုမာ´ဘွဲ့၊ ၂၀၀၇-ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ
ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ရန်ကုန်)မှ `B.A(Buddha Dhamma)´ဘွဲ့ကို
ရရှိအောင်မြင်ခဲ့သည်။
၅။ ၂၀၀၂-ခုနှစ်တွင် ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ရိပ်သာကြီးသို့ရောက်ရှိခဲ့ပြီး ထိုမှ
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မဟာစည်အပြည်ပြည်ဆိုင်ရာသင်တန်းကျောင်းတွင်
အင်္ဂလိပ်စာကို စတင်လေ့လာခဲ့သည်။
၆။ ၂၀၀၈-ခုနှစ်တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် နိုင်ငံခြားသားယောဂီ
များအတွက် အင်္ဂလပ်ဘာသာပြန်တာဝန်ကို နာယကဆရာတော်ကြီးများနှင့်တွဲဖက်၍
ဆောင်ရွက်ခဲ့သည်။
၇။
ယခုအခါ ဆရာတော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊
ဗုဒ္ဓ၀ိဟာရ
ကျောင်းတော် Dom 182 , Ulitza Dshnaya Posyolok Gorelovo တွင်
သီတင်းသုံးနေထိုင်လျှက် ရုရှားနိုင်ငံ၏ ကြမ်းတမ်းသောရာသီဥတု၊
ကွဲပြားသောဘာသာစကား၊ မတူညီသောယဉ်ကျေးမှု၊ အစားအသောက်စသော
အခက်အခဲများကြားဝယ် ထေရ၀ါဒဗုဒ္ဓသာသနာတော်နှင့်အညီ မဟာစည်သတိပဋ္ဌာန်
ဝိပဿနာတရားတော်များကို ဟောကြားပြသလျှက်ရှိပါသည်။
ပဋ္ဌာန်းအကြောင်း သိကောင်းစရာ
(အကျဉ်းချုပ်)
ပဋ္ဌာန်းဆိုတဲ့ စကားကို တစ်လုံးချင်း လေ့လာ ကြည့်တဲ့ အခါ ပ + ဋ္ဌာန ၊ ပ - တစ်ပုဒ်၊ ဋ္ဌာန - တစ်ပုဒ် ခွဲထားတာကို တွေ့ ရပါတယ်။ ပ - ဆိုတဲ့ စကားက အမျိုးမျိုးအပြားပြားလို့  အဓိပ္ပါယ် ရပါတယ်။ ဋ္ဌာန - ဆိုတာက အကြောင်းလို့  အဓိပ္ပါယ် ရပါတယ်။ ဒါကို လိုရင်း အဓိပ္ပါယ် ပြန်လိုက်တဲ့ အခါ အမျိုးမျိုး အပြားပြား များတဲ့ အကြောင်းကို ပဋ္ဌာန်းလို့  ခေါ်ဆို နိုင်ပါတယ်။ ဒီ ပဋ္ဌာန်းကျမ်းတော်မြတ်မှာ နည်းတွေ အများကြီး ရှိတဲ့အတွက် “အနန္တနယ ပဋ္ဌာန်းကျမ်း”လို့ လဲ ခေါ်နိုင်ပါတယ်။
မယ်တော်မိနတ်ကျေးဇူးဆပ်
မြတ်စွာဘုရှားရှင်ဟာ ခြောက်ဝါလွန်မြောက်၊ ခုနစ်ဝါအရောက်တွင် တာဝတိံသာ နတ်ပြည်မှာ မယ်တော် ဖြစ်ခဲ့ဖူးတဲ့ သံတုဿိတ နတ်သားကို အကြီးအမှူးပြုပြီးတော့ စကြာဝဠာ တိုက်တစ်သောင်းရှိ နတ်ဗြဟ္မာ အပေါင်းတို့ အား မဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် ပဋ္ဌာန်းကျမ်းတော်မြတ်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းကျမ်းတော်မြတ်ကို “မယ်တော်မိနတ်ကျေးဇူးဆပ်” တရားလို့ တောင် ပြောစမှတ် ပြုကြပါတယ်။
ခက်ခဲနက်နဲလှသော ပဋ္ဌာန်းကျမ်း
ပဋ္ဌာန်းကျမ်းတော်မြတ်ရဲ့ ခက်ခဲနက်နဲ ကျယ်ဝန်းပုံကို အဋ္ဌကထာ ဆရာက ပင်လယ်သမုဒ္ဒရာနဲ့ ဥပမာပေးပြီး ရေးခဲ့ပါတယ်။ ပင်လယ်ပြင်ဟာ ထောက်လို့ မရလောက်အောင် နက်နဲလွန်းလှပါတယ်။ ကမ်းကို မမြင်ရလောက်အောင်ပဲ ကျယ်ဝန်းလှပါတယ်။ ဒါကြောင့် ပဋ္ဌာန်းကျမ်းဟာ ပင်လယ်ဖြစ်ပြီး ပင်လယ်ဟာ ပဋ္ဌာန်းကျမ်းလောက် ကျယ်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အမှန်တော့ ပဋ္ဌာန်းကျမ်းတော်မြတ်ဟာ တိုင်းတာနှိုင်းစာလို့  မရနိုင်ပါဘူး။ ပင်လယ်ပြင်ထက် ပဋ္ဌာန်းကျမ်းတော်မြတ်က နက်နဲကျယ်ဝန်းလှပါတယ်။
အရှင်တိဿမထေရ်ဝတ္ထု
တစ်ခါတုန်းက အရှင်မဟာဂတိဂမိယတိဿဒတ္တမထေရ်မြတ်ဟာ ဗောဓိပင်ကို ဖူးမြော်ရန် သီဟိုဠ်ကျွန်းကနေ ပင်လယ်ခရီး သင်္ဘောစီးပြီး ကြွသွားတော်မူပါတယ်။ မထေရ်မြတ်ဟာ သင်္ဘောပေါ်ကနေ ရေပြင်အဆုံးကို မျှော်ကြည့်နေပါတယ်။ ကမ်းနှစ်ဖက်စလုံးကို နဲနဲလေးတောင် အရိပ်အယောင်မျှ မမြင်ရပါဘူး။ အဲဒီ့အခါ အရှင်မြတ်ရဲ့  စိတ်ထဲမှာ အကြံအစည်တွေ ဒီလိုဖြစ်လာပါတယ်။ ပင်လယ်သမုဒ္ဒရာကြီးဟာ အလွန်နက်နဲပြီး ကျယ်ဝန်းလှပါကလား။ ပင်လယ်သမုဒ္ဒရာကြီးဟာ အလွန်နက်နဲပြီး ကျယ်ဝန်းသလို ပဋ္ဌာန်းကျမ်းတော်မြတ်ဟာလဲ အလွန်နက်နဲ ကျယ်ဝန်းလှပါလား ဆိုတဲ့ တွေးတောကြံစည်နေရင်းနဲ့  ဆိပ်ကမ်းကို တွေ့ မြင်လာပါတော့တယ်။ ဒီတော့မှ မထေရ်မြတ်က “ သြော် သမုဒ္ဒရာပင်လယ်ကြီး ကျယ်ဝန်းတယ်ဆိုတာ တကယ်တော့ အောက်ခြေမှ မြေပြင်နဲ့  ပိုင်းခြားပြီး အထက်ဘက်မှာ လဟာပြင်နဲ့ အနားကွတ်ထားပါလား။ တစ်ဖက်မှာ စကြာဝဠာတောင်တန်းနဲ့ ခါးပန်းသတ်ပြီး တစ်ဖက်မှာတော့ ဆိပ်ကမ်းနဲ့ နှုတ်ခမ်းသတ်ထားပါလား။ ပဋ္ဌာန်းကျမ်းကြီး ဆိုတာကတော့ ထက်အောက်ဝဲယာမှာ ပိုင်းခြားသတ်မှတ်ချက် မရှိအောင်ပဲ နက်နဲကျယ်ဝန်းလှပါလား”လို့  ပဋ္ဌာန်းကျမ်းကြီးရဲ့ ခက်ခဲပုံကို တွေးတောကြံစည်ရင်း တရားသဘောကို ဆင်ခြင် သုံးသပ်တော်မူလိုက်ရာ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ခြောက်ဖြာရောင်ခြည်ကွန့် မြူးပြီ
မြတ်စွာဘုရားဟာ အဘိဓမ္မာခုနစ်ကျမ်းကို ဘုရားဖြစ်ပြီးတဲ့နောက် စတုတ္ထမြောက် ရတနာဃရသတ္တာဟ မှာ စံနေတော်မူစဉ် သုံးသပ် ဆင်ခြင်တော်မူပါတယ်။ အဘိဓမ္မာခုနစ်ကျမ်းတွင် ရှေ့ခြောက်ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူတဲ့အခါမှာ မြတ်စွာဘုရားရဲ့  ခန္ဓာကိုယ်မှ ရောင်ခြည်တော်များဟာ ထွက်ပေါ်ကွန့် မြူးခြင်း မရှိသေးပါဘူး။ ခုနှစ်ကျမ်းမြောက်ဖြစ်တဲ့ ပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူတဲ့ အခါကျမှသာ မြတ်စွာဘုရားရဲ့  ခန္ဓာကိုယ်မှ ရောင်ခြည်တော်များ ကွန့် မြူး ထွက်ပေါ်လာကြပါတယ်။ မြတ်စွာဘုရားရဲ့ ကိုယ်တော်မှ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့် မြူးလာတဲ့ အခါ ကမ္ဘာလောကကြီး တစ်ခုလုံး ရေ၊မြေ၊လေထု တစ်ခုမှမကျန် အရာအားလုံးဟာ ရွှေဖြင့်ပြီးတဲ့ ရွှေရုပ်ကဲ့သို့  ရောင်ခြည်တော်တို့ ဖြင့် လိမ်းကျံကွန့် မြူး အလွန့် အလွန်ပဲ သာယာလှပလာကြပါတယ်။ ဒါကြောင့် ရုပ်ချောချင်ကြတယ်၊ ရုပ်ချောတဲ့သားလေး သမီးလေးများကို အလိုရှိကြတယ်ဆိုရင်တော့ ပဋ္ဌာန်းကျမ်းတော်မြတ်ကို ယုံယုံကြည်ကြည်နဲ့  အမြဲမပြတ် ရွတ်ဖတ်ပူဇော်သင့်ပါတယ်။
တိုက်တွန်းချက်။ ။ ပဋ္ဌာန်းကျမ်းတော်မြတ်ကို ရွတ်ဖတ်ဆင်ခြင် နှလုံးသွင်းကြတဲ့သူတွေဟာ ယခုမျက်မှောက်ဘ၀မှာ လောကီလိုအင်ဆန္ဒအားလုံး ပြည့်စုံရခြင်း၊ လောကုတ္တရာဘက်တွင် ကိလေသာ ကင်းကွာ ရဟန္တာ ဖြစ်ရခြင်းအကျိုးများကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းကျမ်းတော်မြတ်ကို သင်ယူကြပါ၊ လေ့လာကြပါ၊ ရွတ်ပွားဆင်ခြင်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။












0 comments:
Post a Comment